ထားဝယ် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ(၁/၂၀၂၃)နှင့်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့တို့၏ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က တိုင်းဒေသကြီးအတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီး ကော်မတီဝင်များ အချင်း ချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်စသည့် ရည်ရွယ်ချက်များဖြင့် အစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် UNCRC က သတ်မှတ်ထားသော ကလေးသူငယ်များ အတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်များကို အလေးပေးစေသောမူဆိုသည့်အချက်များအား အခြေခံထားပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသော ကလေးသူငယ်အခွင့်အရေးများ ရရှိရန် ဦးတည်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို (၂၇.၈.၂၀၂၁)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ တက်ရောက်လာသော အဖွဲ့ဝင်များအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက အကြမ်းဖက်ခံရသော ကလေးသူငယ်ကိစ္စရပ်များအား ဆောင်ရွက်ပေးမှု အခြေအနေ၊ ကလေး သူငယ်ကြီးကြပ်သူအစီရင်ခံစာ ဆောင်ရွက်မှုအခြေအနေ၊ ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြုမိန့်ပေး ခြင်းကြီးကြပ်မှုပေးခြင်းနှင့်ထောက်ပံ့မှုပေးခြင်း၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးခြင်းနှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးသူငယ် များဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အကြောင်းအရာများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)