ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကျင်းပ

ငဖဲ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-6 စနစ်သစ် ကျောင်းသား/သူ (၄၃)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါး၏အန္တရာယ်များကို သိရှိစေရန်အတွက် ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊  ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များနှင့် စာရေးဆရာဖိုးမောင်ရေးသားသော ကလေးတို့အတွက် စဉ်းစားဆင်ခြင်ဖွယ်ပုံပြင်များ စာအုပ်မှ ခြင်္သေ့အိုကြီးရဲ့အကြံ ပုံပြင်ကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးပြောကြားသည်။

ထို့နောက်ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ တိုင်းရင်းသားရိုးရာပုံပြင်များ၊ ရွှေသွေး၊ တေဇ၊ ပုံပြင် စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာကဗျာများ၊ ရုပ်ပြကာတွန်းများကိုပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)