ရေစကြိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရေစကြို ဇွန် ၁၇

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နေ ပြည်သူများသိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိနိုင်စေရန် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရန်လိုအပ်ကြောင်းနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များအား သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီ အချိန်ကအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရေစကြိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(စိတ္ထသုခ)ရှိ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများအား ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရန်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ထုတ်လုပ်မှုလျှော့ချရေး နှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ် ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေး စသည့်အချက်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိနိုင်စေရေး အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)