ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များပေါ်ထွန်းလာစေရန် ဦးစားပေးဆောင်ရွက်

ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ခေတ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော မျိုးဆက်သစ် ပညာတတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာရေးအတွက် ကျန်းမာကြံ့ခိုင်ရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးစသည့် သာတူညီမျှဘက်စုံဖွံ့ဖြိုး တိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးပြီး နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ လူငယ်နှင့်ပတ်သက်သော စာပေဟောပြောပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခြင်းများသည် လူငယ်များအတွက်များစွာတန်ဖိုးရှိပြီး အကျိုးကျေးဇူးရရှိစေနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လေ့လာသင်ယူခြင်း၊  ဗဟုသုတရှာဖွေစူးစမ်းခြင်း၊ မိမိကိုယ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားခြင်း၊ သမိုင်းကိုလေ့လာခြင်း၊ စာပေဖတ်ရှုခြင်းတို့ကို အမြဲမပြတ်ကြိုးစား၍ မိမိတို့၏အချိန်ကို အကျိုးရှိစွာအသုံးချနိုင်မှသာလျှင် အနာဂတ်ဘဝတွင်ပိုတော်ပြီး၊ ပိုမိုသိတတ်နားလည်နိုင်သည့် လူတော်လူကောင်းများအဖြစ် အများအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်မည့် လူတော်လူကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေးဆရာဦးမြင့်အောင် (ဖြူစင်မြင့်ချို)က လူငယ်နှင့် ခေါင်းဆောင်မှု၏ သဘောသဘာဝ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးစောတင်မောင်စိန် (မြတ်နိုးအိမ်-ဇွဲကပင်)က ခွန်အားရှိသောစာ၊ ခွန်အားရှိသောလူငယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးသန်းအောင်(မောင်လူဝိုင်း-ကရင်)က လူငယ်နှင့်အနာဂတ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၊ ဘားအံပညာရေး ဒီဂရီကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တို့မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မွေးခွန်းများ အပြန်အလှန် မေးမြန်းဖြေကြားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဟောပြောသူစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် စာရေးဆရာ(၃) ဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ကျောင်းသူ ဆရာ/မများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)