ဒေးဒရဲ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ စာပေ လေ့လာဖတ်ရှုမှု ပိုမိုတိုးတက်စေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရေးအတွက် အခြေခံပညာမူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေး စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခြေခံပညာမူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း