ဖြူး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါး လျာထားချက်ပြည့်မီစွာ စိုက်ပျိုး နိုင်ရေး မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးရာမှာ စိုက်ပျိုးဧကပေါင်း (၄၆၄၅၀)ဧကရှိ၍ ကျန်ရှိသည့် ကျေးရွာများ ဆက်လက်စိုက်ပျိုးနိုင်ရေး ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မင်းလမ်းကူး ကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကို လတ်က ကျေးရွာတောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် ခေတ်မီနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေးနှင့် မျိုးစပါး၊ သွင်းအားစုများ ထောက်ပံ့ပေးမည့် အခြေအနေများ၊ မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးကြရေးနှင့် မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးရာတွင်ရရှိမည့် အကျိုးကျေးဇူးများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် စိုက်ပျိုးရေးဦးမှူးတို့က မိုးစပါး စိုက်ပျိုးရာတွင် လုပ်အားအင်အား၊ စရိတ်သက်သာပြီး တစ်ရက်(၄)ဧကနှုန်းစိုက်ပျိုးနိုင်သည့် မျိုးစေ့ချ ကိရိယာအား မိုးရာသီကာလအတွင်း စိုက်ပျိုးနိုင်ရေး ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ ဆက်)