မုံရွာ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသား၊ ဥနှင့် ငါးတိုးချဲ့ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို နံနက်ပိုင်းတွင် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ရေသယံဇာတ၊ မြေသယံဇာတ ပေါကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများ တည်ရှိနေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ လူဦးရေသည် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၁၀.၅၉ ရာခိုင်နှုန်းရှိပြီး မြို့ပြလူဦးရေ ၁၇ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူဦးရေ ၈၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပြည်သူများ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်အနေဖြင့် အဓိက ဆောင်ရွက်လို့ရနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအားအခြေခံသည့် ထုတ်လုပ်မှု လုပ်ငန်းများအား အားပေးမြှင့်တင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရှိ ကျေးလက်နေ ပြည်သူများ အားလုံးနီးပါးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ဆောင်ရွက်နေကြသည့်အတွက် စိုက်ပျိုးမွေးမြူရေး အားအခြေခံသည့် ကုန်ထုတ်လုပ်မှုအား အားပေးမြှင့်တင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊
လူတို့၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်၊ဉာဏ်သွေး တိုးတက် မြင့်မားရေးအတွက် လိုအပ်သည့်ပရိုတင်းဓာတ် ရရှိနိုင်ရေးအတွက် ငါးအာဟာရသည် လူတိုင်းနှင့် လက်လှမ်းမီဝယ်ယူစားသုံးနိုင်သည့် အာဟာရတစ်ခုဖြစ်တာကြောင့် ငါးလုပ်ငန်း ကဏ္ဍသည်လည်း နိုင်ငံတော်၏စီးပွားရေးနှင့် အမျိုးသားအစားအစာ လုံခြုံရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ မွေးမြူရေးကဏ္ဍအား အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်း၍ သမားရိုးကျ ထုတ်လုပ်မှုမှ စံချိန်စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပြီး ရေရှည်တည်တံ့သည့် စီးပွားဖြစ်မွေးမြူရေးလုပ် ငန်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား ကူညီဖြည့်ဆည်းပေးသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ သန်းနိုင်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ စုမျိုးသွယ်က ငါးသားဖောက်စခန်းများ၏ မွေးမြူထုတ်လုပ်နေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင် ကုန်စည်စီးဆင်းမှုနှင့် ရောင်းချမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးအဖွဲ့ချုပ်မှ ဒေါက်တာကျော်လွင်ဦးက တိရိစ္ဆာန်အစာရရှိမှုနှင့် လုပ်ငန်း လိုအပ်ချက် အခြေအနေများအား လည်းကောင်း၊ ဥစားကြက်မွေးမြူရေးအသင်း အတွင်းရေးမှူး ဦးအောင်ဖြိုးသူက ကြက်ဥအထွက်နှုန်းနှင့် သားပေါက်ကောင်ရေရရှိမှု အခြေအနေများအား လည်းကောင်း၊ ငုံးမွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦးဇော်မြင့်က ငုံးဥထွက်ရှိမှုအခြေအနေများအား လည်းကောင်း၊ နို့စားနွားမွေးမြူရေး ကိုယ်စားလှယ်တစ်ဦးမှ နို့ချက်စက်ရုံတည်ဆောက်ရေးနင့် နို့ထွက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်း အသား၊ ဥနှင့် ငါးတိုးချဲ့ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်းကျင်းပပြုလုပ်သည့် ဒေသခံတောင်သူများထံ မျိုးစေ့၊မျိုးပိုင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ နေဗီယာ မြတ်မျိုးပိုင်းများ၊ ငါးအမိုင်နိုအက်စစ်ဗူးများ၊ စပါးခွံပေါင်းခံရည်များ၊ ယူရီးယားများ၊ ပိုက်ဆံလျှော်မျိုးစေ့များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တိရိစ္ဆာန်အစာ နေဗီယာမြတ် စိုက်ခင်း စိုက်ပျိုးနေမှုနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ပျားမွေးမြူရေးဦးစီးဌာနပြ ခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနပြခန်များအား လိုက်လံကြည့်ရှုအားပေး ပြီး နို့ပေါင်းစက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်