အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲ ကျင်းပ

 

မြိတ် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများနှင့်ဟောပြောပွဲကို ဇွန်လ (၁၆) ရက် နံနက်ပိုင်း က ကျင်းပခဲ့သည်။

“ကျောင်းသား/သူ လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးကို သိရှိနားလည်ဖို့၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး ရှောင်ရှားတတ် စေဖို့အတွက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲတွေကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူးဒေါ်ဝါဝါခိုင်က ပြောသည်။

အထိမ်းအမှတ် ပြိုင်ပွဲများတွင် မူးယစ်ဆေးဝါး ပညာပေးအစီအစဉ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် “ရှောင်လေဝေးဝေးမူးယစ်ဆေး”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စကားပုံဆက်ပြိုင်ပွဲတွင် မူးယစ်ဆေးဝါး နှင့်ပတ်သက်သည့် “စကားပုံ (၁၁) ခု” ဖြင့် လည်ကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် “မူးယစ်ဆေးဝါးအန္တရာယ်မှ လူငယ်တို့ကိုကာကွယ်ပေး” ဆောင်းပါးကို လည်းကောင်း စသည့်ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ရာ ကျောင်းသား/သူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့အတူ ပြပွဲကို Community Centre ခန်းမတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပညာပေးနံရံကပ် စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့ စာကြည့် တိုက်တွင် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ထိုနောက် ဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အမှာစကားပြောကြားပြီး ပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးက ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမှတ် (၃၅) မူးယစ်တပ်ဖွဲ့စု (မြိတ်) တပ်ဖွဲ့စုမှူး ရဲမှူးဆန်းညွှန့်အောင်က မူးယစ်ဆေးဝါး အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို Power Point ဖြင့် ကျောင်းသား/သူများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား/သူများ ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြကာ ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး