မယ်စဲ့မြို့နယ်တွင် ကျေးရွာပြည်သူများအား မြေပေးမိန့်များ လက်ဝယ်အရောက်ပေးအပ်

မယ်စဲ့ အောက်တိုဘာ ၉


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးရွာပြည်သူများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုရရှိစေရေးအတွက် မြေပေးမိန့်များ ပေးအပ်ခြင်းကို ယနေ့ နံနက်က ကျောက်စုကျေးရွာ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရ သည်။
မြေပေးမိန့်ပေးအပ်ပွဲတွင် ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ကျေးရွာ ပြည်သူများ မြေပေးမိန့်ရရှိရေးအတွက် သစ်တောမြေမှ ပယ်ဖျက်ပြီး နိုင်ငံတော်က ချမှတ်ထားသော မူဝါဒလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူများ လက်ဝယ်သို့ မြေပေးမိန့် ပေးအပ်နိုင်ခဲ့ ကြောင်း ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိရေးကို တစ်ထောင့်တစ်နေရာမှ ဖော်ဆောင်ပေးနိုင်သည့်အတွက် ဝမ်းသာမိပါကြောင်း၊ ရရှိလာသည့် ပိုင်ဆိုင်မှုအပေါ် အကျိုးရှိစွာ အသုံးချစေလိုကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး ပြည့်ဝစွာဖြင့် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖော်ဆောင်ပေး စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုနှင့် ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ကျောက်စုကျေးရွာ အိမ်ထောင်စု(၁၇၈)စုနှင့် ဘာသာရေးကျောင်း (၃)ကျောင်း အတွက် မြေပေးမိန့် (၁၈၁)ခုကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာ မြေငှားဂရန်ရရှိရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)