အုတ်တွင်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းနှင့်ဂုံမင်းဒါကျေးရွာတို့မှ မိုးစပါးဆင်းသုခမျိုးဗန်းဖြင့် ပျိုးထောင်ထားမှုနှင့်ညောင်ခြေထောက် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်း ကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘန့်ဘွေးကုန်းကျေးရွာ တောင်သူ ဦးသန်းနိုင်၏ မိုးစပါး (၁၀)ဧက ဆင်းသုခမျိုး ဗန်းဖြင့်စိုက်ပျိုးထားမှု၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာစမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် ဂုံမင်းဒါကျေးရွာ တောင်သူ ဦးတင်အေး၏ မိုးစပါး(၁၀)ဧက ဆင်းသုခမျိုးဗန်းဖြင့်စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးစပါးအထွက်နှုန်းတိုးရေး တောင်သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ညောင်ခြေထောက် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား ကျောင်းသူများ၏ စာသင်ကြားမှုအခြေအနေ၊ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများ၏ သီးပင်စားပင်များ လက်တွေ့စိုက်ပျိုးထားရှိမှုများကို စစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)