ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇွန် ၁၆

ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရာက် ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ အစပျိုးသည့်အစည်းအဝေးဖြစ်ပါကြောင်း၊ လုံခြုံရေးကန့်သတ်ချက် များကြောင့် ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေသည်ကို တွေ့ရှိရကြောင်း၊ ၄င်းအခက်အခဲများကို တစ်ဦးတစ်ယောက်ချင်း ဖြေရှင်း ဆောင်ရွက်ခြင်းထက် အစုအဖွဲ့များဖွဲ့စည်း၍ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ သမဝါယမအသင်း ဖွဲ့စည်းနိုင်ရေးနှင့် အများပိုင်ကုမ္ပဏီအဖြစ် စုဖွဲ့နိုင်ရေး ဦးတည်ဆောင်ရွက်ရန်လိုကြောင်း၊ တက်ရောက်လာကြသည့် ဒေသခံ ခရီးသွားလုပ်ငန်းကော်မတီဝင်များအနေဖြင့် စုစည်းမှုအားကောင်းကောင်းဖြင့် လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြုံပြု တင်ပြစေလို ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးနိုင်လင်းဇော်က ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ်ငန်းစဉ် (၂) ရပ်တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင် ဦးရှိန်းဂေငိုင်း၊  ဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့ကိုယ်စားလှယ် ဦးလိန်းငိုင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်၊  ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့ကိုယ်စားလှယ် ဦးသိန်းဌေးလွင်တို့က ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် အစိုးရအဖွဲ့မှ ဖြည့်ဆည်း၊ ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးတို့က အကြံပြုတင်ပြကြပြီး ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)