ဝေါမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဝေါ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)၌ ပဲခူးတိုင်းဒေသကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီကကျင်းပခဲ့သည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းက သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာအချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး တက်လာသူများကို ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)