ရွှေဘို ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့ အ.ထ.က(၁)တွင် ခရိုင်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းက အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကောင်းပြီး ရည်မှန်းချက်ပန်းတိုင် အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ အားကစား ပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ဘော်လီဘော ကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာ နည်းစနစ်များ၊ စစ်တုရင်ကစားခြင်း နည်းစနစ်များ၊ စားပွဲတင်တင်းနစ် ကစားနည်းစနစ်များအား အသိပညာပေး ပြောကြားခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချောစုကသဘာဝဘေး ၉မျိုးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရမည့် အချက်များ ဆောင်ရန်ရှောင်ရန် အချက်များကို ဟောပြောပြီး၊ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်များ ပြသရာ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်ပြန်/ဆက်