ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လပွတ္တာ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟဝင်း၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟဝင်း၏ ကြီးကြပ်ဖြင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့၊ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် လပွတ္တာမြို့တွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး မိုးတွင်းကာလ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများအား ကြွေသီးအသစ်များဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်းတို့ကို စနစ်တကျ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြသည်။

လပွတ္တာမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ လျှပ်စစ်မီးအသုံးပြုရာ၌ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် စေရန် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေး ဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်