ပေါင်းတည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မိုးစပါးထုတ်လုပ်မှု ပြည့်မီကျော်လွန် အထွက်ကောင်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် ရေတော်မိုးတော်ဖြင့် မြို့နယ်အတွင်းမိုးရာသီ စပါးစိုက်ဧကအတွက် ၇၃၅၁၄ဧကကို စိုက်ပျိုးထုတ်လုပ်ရန်လျာထားသတ်မှတ်ထားခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
အဆိုပါသတ်မှတ်လျာထား စိုက်ခင်းများ၌ ဇွန်လ ၁၅ ရက်အထိ၂၆၀၁၀ ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး၊ Drum Seeder ဖြင့်အစေ့ချစိုက်ဧက ၆၄၉၅ ဧကနှင့် ကြဲခင်းစိုက်ဧက ၁၉၅၁၅ ဧကတို့ကိုစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကျန်ရှိစိုက်ဧကများကို ပြည့်မီဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့များက ကျေးရွာများအရောက် ကွင်းဆင်း၍ စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့်အထွက်တိုးအောင်စိုက်ပျိုးနိုင်ရေးတို့ကို တောင်သူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)