ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ် ဇွန် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏အောင်မြင်ဖို့ အချိန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက "ဉယျာဉ်မှူး ကောင်းသည် မိမိဉယျာဉ်မြေကွက်တွင် ပေါင်းမြက်ကင်းစင်အောင် သုတ်သင်ရှင်းလင်းကာ မိမိအလိုရှိရာ သစ်ပင်ပန်းမန်များကို စိုက်ပျိုးပြုစုသကဲ့သို့ မိမိစိတ်ဉယျာဉ်၌ သန့်စင်သော စိတ်အပင်များကို သာစည်ကား ဝေဆာစေချင်သော သူသည်လည်း စိတ်ဉယျာဉ်အတွင်း အသုံးမဝင် အကျိုးမရှိသော အတွေးပေါင်းမြက်များခို ကပ်မနေနိုင်အောင် မပြတ်သုတ်သင် ရှင်းလင်းမှုပြုရမည် ဖြစ်ကြောင်း၊  လောကကြီးထဲတွင်ကြီး မြတ်သောအရာသည် ဘယ်နေရာမှာ ရောက်နေသလဲဆိုတာ နဲ့ မဆိုင်ကြောင်း၊ ဘယ်လားရာအတိုင်း ရွေ့လျားနေသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ကြောင်း စသည်ဖြင့် အောင်မြင်ဖို့ အချိန်စာအုပ်တွင်ပါရှိသည့် ခေါင်းဆောင်ပါ အကြောင်းအရာများကို အကျဉ်းချုပ် ဆွေးနွေးခဲ့သည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တစ်လလျှင် (၂) ကြိမ် ပုံမှန်ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

ဇင်လေး