ဒေးဒရဲမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဒေးဒရဲ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက် လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်   ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ ဦးစီအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များဖြစ်သည့် မခင်မြတ်နိုးက လူငယ်နှင့် စာပေ၊ မဂျူးဂျူးမေမောင်က လူငယ်နှင့် ကိုယ်ကျင့် တရား၊ မောင်ကောင်းထူးစံက လူငယ်နှင့် ယဥ်ကျေးမှု၊ မသွန်းဆုအိမ့်စံက လူငယ်နှင့် အားကစား စသည့်ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက အပြည်​ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

အေဇာလင်း