ကျိုက်လတ် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု သင်တန်းများ ဖြစ်သည့် လေအေးပေးစက် (aircon) မွမ်းမံထိန်းသိမ်းခြင်းသင်တန်း၊ အခြေခံကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်း၊ အိမ်တွင်းနေ့စဥ်သုံး လျှပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု (ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးပြုလုပ်ခြင်း) သင်တန်းများ ဆင်းပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က သင်တန်းဆင်း အဖွင့်အမှာ စကား ပြောကြားရာတွင် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို တက်ရောက်သည့်အတွက် မိမိ၏မိသားစုနှင့် မိမိဒေသအကျိုးအတွက် လိုအပ်သည့်အချိန်တွင် အသုံး ပြုနိုင်မည်ဖြစ် ကြောင်း၊ ယခုသင်တန်းများကို ပူးပေါင်းဖွင့်လှစ်ပေးသည့် Delta Gas Transportation Limited နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တို့ကို ကျေးဇူးတင်ကြောင်းနှင့် သင်တန်းသားများကလည်း ယခုသင်တန်းများမှ စာတွေ့၊ လက်တွေ့သင်ကြားပို့ချမှုများကို မိမိဘဝ၊ မိမိ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးပြုကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ် ဆရာကြီး ဒေါက်တာ အောင်ဟိန်းလတ်က သင်တန်းဖွင့်လှစ်ရခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများကို မှန်ကန်သော အသိ၊ ကိုယ်ပိုင်ကြိုးစားမှု အစွမ်းအစ တို့ဖြင့် ဆက်လက်ကြိုးစားသင့်ကြောင်း တို့ကိုပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ Delta Gas Transportation Limited ၏ အကြံပေးအရာရှိ ဦးနေဝင်းနှင့် တာဝန်ရှိသူများက သင်တန်း အမျိုး အစားအလိုက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းများကို သင်တန်းသား (၁၄၇)ဦး တက်ရောက်ခဲ့ကြပြီး (၂၂-၅-၂၀၂၃)ရက်နေ့ မှ (၁၆-၆-၂၀၂၃) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)