ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး(၂/၂၀၂၃)ကျင်းပ

ဟင်္သာတ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် MSMEs ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း နှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ ပါဝင်၍ ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသထုတ်ကုန်များနှင့် ပတ်သက်၍ ပြပွဲခင်းကျင်း ပြသလိုကြောင်း၊ MSMEs လုပ်ငန်းများ ကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရက အလေးထားအားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများကို ယခုလို ကုန်စည်ပြပွဲများ ခင်းကျင်းပြသခြင်းဖြင့် စျေးကွက်စီးပွားရေး စနစ်ဖော်ဆောင်နိုင်ရေးကို ထောက်ကူပြုပေးနိုင်သလို ပြပွဲကာလအတွင်း ထုတ်ကုန်များနှင့် ပတ်သက်၍ အရောင်းမြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်နိုင်ပါ ကြောင်း၊ ဒေသလုပ်ငန်းရှင်များအနေဖြင့် ပြပွဲတွင်ပါဝင်ပြသနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်၊ လုပ်ငန်းရှင်များ၏ အခက်ခဲနှင့် လိုအပ်ချက်များကိုလည်း ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးကြရန် ခရိုင်အတွင်းတောင်သူလယ်သမားများ၊ ကျောင်းသား/သူ များလည်း လာရောက်လေ့လာနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သတင်းပေးရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီများအလိုက် ဆွေးနွေး ပြောကြားစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် MSMEs ထုတ်ကုန်ပြပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးနှင့်တွဲဖက် အတွင်းရေးမှူးတို့မှ လည်ကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခင်ပြခန်းများ ဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံများနှင့် ယခုမိမိဒေသတွင် ပြသနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်များရှိ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)