ဘုတ်ပြင်းမြို့၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဘုတ်ပြင်း ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ မိုးဦးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကို ပူးပေါင်းအဖွဲ့များက  အ.ထ.က ဘုတ်ပြင်းကျောင်းတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဘုတ်ပြင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်က သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဗဟုသုတ များကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်အေးပိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သတိပြု နေထိုင်ရမည့် အချက်များကိုလည်းကောင်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သွားဖွားဆရာမ ဒေါ်ယမင်းဆူးက မိုးဦးရာသီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေး ရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများကို သတိပြုနေထိုင်ကြရန်နှင့် ရောဂါဖြစ်စေနိုင်သည့် အကြောင်းအရာများ၊ မိမိကျောင်းပတ်ဝန်းကျင် သာမက မိသားစုများတွင် ရောဂါမဖြစ်ပွားအောင် ဆောင်ရန် ရှောင်ရန်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများကို လည်းကောင်း အသီးသီး ဟောပြောခဲ့သည်။

ထို့နောက် KG ကျောင်းသားကျောင်းသူများအား သွားကျန်းမာရေး အထောက်အကူဖြစ်စေရန် သွားတိုက်များကို ထောက်ပံ့ပေးပြီး မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက  ကိုဗစ်ရောဂါ ကာကွယ်ဆေး  Sinopharm(BIBP)  (၄)အကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)