အင်းတော် ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၇ နာရီ အချိန်က အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက်ကျောင်းဝင်းအတွင်း အင်းတော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိ ကြောင်း၊ မိမိတို့ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောများပျက်စီးပြုန်းတီးမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ပြုန်းတီးမှုများ ကာကွယ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ သစ်တော ပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးလိုပါက မိမိတို့ သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍ သစ်ပင်ပျိုးပင်များကို လာရောက် ယူငင်စိုက်ပျိုးနိုင်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဟန်လင်းအောင်က ပြောပြခဲ့သည်။
အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သစ်ပင်ပျိုးပင်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များကို အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာ များ၌ ကျွန်းပင် ၁၀၀ ပင်၊ ပိတောက် ၇၅ ပင်၊ ကံ့ကော် ၇၅ ပင်၊ အော်ရီးရှား ၇၅ ပင်၊ ပျဉ်းကတိုး ၇၅ ပင် စုစုပေါင်း သစ်ပင်ပျိုးပင် ၄၀၀ ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ