ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အဖြစ်”ဟောပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲကျ

ထား၀ယ် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက် မည့် “(၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အဖြစ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ် ဓာတ်ပုံပြပွဲကို ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ဌာနမှ ဆောင်ရွက်ပေး လျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကြောင်း၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည်  လူသားများ၏ ကျန်းမာရေး၊ အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပြီး လူအဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခြေခံအုတ်မြစ်များကို လှိုက်စားလာကြောင်း၊ မူးယစ်ဆေး ဝါးတားဆီးနှိမ်နှင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ မူးယစ် ဆေးဝါး သုံးစွဲသူများအတွက် မူးယစ်ဆေးစွဲ ရောဂါ၏ နောက်ဆက်တွဲရောဂါများ လျှော့ချနိုင်ရေး၊ လူမှုဘဝမြှင့်တင်ရေး စသောလုပ်ငန်း စဉ်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဆုရရှိခြင်းအား ပဓာနမထားပဲ ပါဝင်ယှဉ်ပြိုင်ခြင်း သည်သာ အဓိကထားသောကြောင့် ဌာနအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ပြိုင်ပွဲများအား ဆက်တိုက်ပြုလုပ်ပေးသွားမှာ ဖြစ်သောကြောင့် ကျောင်းသား/သူများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား/သူများ အ‌နေဖြင့် အသိပညာ ဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုရရှိလာ စေရန် ရည်ရွယ်၍ ပြိုင်ပွဲအား ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ  လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ် နှင့်ပတ်သက်၍ သတိပြုရန် ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်းရာ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အလက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ဟောပြောသည်။

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် ကျောင်းသား/သူများက တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ် ကင်းစင်ကျန်းမာမှ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများက မူးယစ်ကင်းစင်တို့ကျောင်းတစ်ခွင် ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်နေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများက ပျော်ပွဲရွှင်ပွဲများဖြစ်သော စကားပုံဆက်၊ ဆေးရောင် ခြယ်၊ အရုပ်ဆက်၊  ကစားနည်းများအား ပျှော်ရွှင်စွာကစားခဲ့ကြသည်။

ထို့နောက် ဝန်ထမ်းများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည် ချက် (၉) ရပ် နံရံကပ်မှတ်တမ်းဓါတ်ပုံများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ရွက်ချက်များ၊ စာအုပ်စာ စောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်