ကန့်ဘလူမြို့နယ်တွင် ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ ဇွန်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မီးဘေးသင့်ပြည်သူများနှင့် ထိခိုက် ဒဏ်ရာရသူများအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးဘေးသင့်အိမ်ထောင်စုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများနှင့် ဒဏ်ရာရသူကျေးရွာပြည်သူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံပေးအပ်ရာတွင် ဧပြီ ၂၄ ရက်က ချပ်သင်းကျေးရွာမှ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နေအိမ် ၆၂ လုံး၊ အိမ်ထောင်စု ၆၆ စု၊ လူဦးရေး ၂၉၉ ဦးတို့အတွက် ငွေကျပ် ၁၂၀၂၇၉၀၀ ကို လည်းကောင်း၊ မေ ၂၁ ရက်က ငါတို့ကျေးရွာတွင် မိုင်းနင်းမိ၍ ဒဏ်ရာရသူ တစ်ဦးအတွက် ကျပ် ၅၀၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့က ချပ်သင်းကျေးရွာအုပ်စု ပုဏ္ဏားကြီးကျေးရွာမှ မိုင်းနင်းမိ၍ ဒဏ်ရာရသူ တစ်ဦးအတွက် ကျပ် ၅၀၀၀၀ ကိုလည်းကောင်း စုစုပေါင်း ၁၂၁၂၇၉၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံ ဒေါ်ကြည်အေးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)