တောင်တွင်းကြီး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့တွင်းလမ်းများရှိ လမ်းဘေး(ဝဲ၊ ယာ)များတွင် ထပ်မံဖြည့်စွတ် စိုက်ပျိုးနိုင်ရေး နိုင်ငံခြားစက္ကူပန်းပင်များ ယမန်နေ့က ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားစက္ကူပန်းပင်များအား မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်(စံပြ)ကျေးရွာမှ မှာယူခြင်းဖြစ်ပြီး (၄)ပေအရွယ် နိုင်ငံခြားစက္ကူပန်းအပင် (၃၀၀)၊ (၅)ပေအရွယ် နိုင်ငံခြားစက္ကူပန်းအပင် (၅၀)၊ နိုင်ငံခြားစက္ကူပန်းအပွင့်ကြီး(အဖြူ)အပင် (၅၀) စုစုပေါင်းအပင် (၄၀၀)ဖြစ်ကာ မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် မြို့တွင်းလမ်းများရှိ လမ်းဘေး(ဝဲ၊ ယာ)များတွင် စိုက်ပျိုးထားရှိသော ပန်းအလှပင်များနှင့် အရိပ်ရပင်များအကြား ထပ်မံဖြည့်စွက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် စိုက်ပျိုးထားရှိသည့် ပန်းအလှပင်များနှင့် အရိပ်ရပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပန်းအလှပင်များ မြေဆွ အလှပြုပြင်ခြင်း၊ ရေလောင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)