မြင်းမူ ဇွန် ၁၆
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုနှစ်မိုးရာသီအတွင်း ချည်မျှင်ရှည်ဝါဧက (၂၁၉၃၉)ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါတောင်သူများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ်ကြောင်း သိရှိရသည်။
ချည်မျှင်ရှည်ဝါကို မိမိတို့ဒေသရာသီနှင့်ကိုက်ညီသည့် နယုန်လတွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ဝါစိုက်ရာတွင်(၁)ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခနှင့် ဆေးဝါးကုန်ကျစရိတ်အပါအဝင် စုစုပေါင်းငွေကျပ် (၁၄၀၀၀၀)နီးပါးသာ ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ကောက်ယူရပြီး အကြိမ်ရေအားဖြင့် အနည်းဆုံး (၅)ကြိမ်ထိ ကောက်ယူရရှိနိုင်ကြောင်း၊ ထွက်ရှိမှုအနေဖြင့် ပိသာချိန် (၃၅၀)နှင့် (၄၀၀)အထိ ထွက်ရှိကြောင်းနှင့် ယမန်နှစ်ဈေးအနေဖြင့် ဝါ(၁)ပိသာ (၁၈၀၀)မှ အမြင့်ဈေး (၃၈၀၀)ကျပ်အထိ ရောင်းချရကြောင်း သိရှိရသည်။
ခုချိန်ထိ ဝါဧက (၁၃၃၀)ကိုစိုက်ပျိုးထားရှိပြီးဖြစ်ကာ အထွက်ကောင်းမျိုးစေ့ရရှိရေးနှင့် လိုအပ်သည့် နည်းပညာများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)