မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကန့်ဘလူ ဇွန် ၁၆

ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လူထု အခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက  ကျင်းပကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကန့်ဘလူမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သက်အောင်စိုးက မူးယစ်ဆေးဝါးစတင်ဖြစ် ပေါ်လာပုံ၊ မူးယစ်ဆေးဝါးများကို သုံးစွဲရခြင်းအကြောင်း အရင်းများ၊ မူးယစ်ဆေးဝါးစွဲသုံးစွဲမှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် စုပေါင်းကာကွယ်ရန် အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ သုံးစွဲသည်ဟု သံသယရှိပါက အချိန်မီ တားဆီးကာကွယ်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ပြုစုပျိုးထောင် ပေးနေမှု အခြေအနေများ၊ မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူ များထံ သတင်းပေးပို့ကာ မူးယစ်ဆေးဝါးအန္တရာယ်ကို တွန်းလှန်ကာကွယ်တိုက်ဖျက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် သုတရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)