ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

ပန်းတောင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက်(၉:၀၀)အချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် စွမ်းရည်သတ္တိများရှိစေရန်၊ အနာဂတ်မြန်မာနိုင်ငံတော်အတွက် အားကိုးအားထာရသော လူတော်လူကောင်းများဖြစ်လာအောင် အတတ်ပညာသာမက အသိပညာပါရရှိစေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက "မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆု နှစ်ဆုရရှိကြသူများအား ဇွန်လ(၂၆)ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)