ပုသိမ် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ဆောင်ရွက် လျက်ရှိသည့် ငါးမျိုးကောင်းမျိုးသန့် ဖြန့်ချိရေးနှင့် ငါးဆေးထိုးသားဖောက် ပညာပြန်ပွားရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် ပုသိမ်-ရန်ကုန်ကားလမ်းဘေး ဆားမလောက် ကျေးရွာအနီးရှိ "အာရှသား" ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ဖားမွေးမြူရေးနှင့် သားဖောက်လုပ်ငန်းသို့ ရောက်ရှိ ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မွေးမြူရေးလုပ်ငန်းတာဝန်ခံမှ လိုက်လံ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် တာဝန်ရှိသူများမှ ငါးတန်သားပေါက်၊ ငါးမြစ်ချင်းသားပေါက်၊ ငါးမုတ်သားပေါက်များနှင့် ဖားသားပေါက်များ မွေးမြူအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ အာရှသား ငါးမွေးမြူ၊ သားဖောက်လုပ်ငန်းမှ ယခုနှစ်တွင် ငါးတန် ငါးမှုံအကောင်ရေ သိန်း(၈၀၀၀)၊ ငါးမြစ်ချင်း ငါးသန်အကောင်ရေ သိန်း(၁၅၀)၊ ငါးမုတ် ငါးမှုံကောင်ရေ သိန်း (၂၀၀၀)၊ ဖားသားပေါက် အကောင်ရေ (၆) သိန်း ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စုရှိ ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မွေးမြူရေးလုပ်ငန်း တာဝန်ခံက ငါးကြီးမွေးကန်၊ ငါးလတ်မွေးကန်နှင့် မျိုးကန်များထားရှိမှု အခြေအနေများ၊ ငါးမွေးမြူရာတွင် ကုန်ကျသည့်စရိတ်များ၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်မှု၊ ဒေသတွင်း လိုအပ်သည့် ငါးသားပေါက်များဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က “မွေးမြူရေးလုပ်ငန်းဆောင်ရွက်လိုသည့် တောင်သူများနှင့် ဒေသခံများအား ငါးမွေးမြူရေး၊ ငါးဆေးထိုး သားဖောက်သင်တန်း များဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ငါးသားဖောက်များနှင့် ငါးမျိုးကောင်းမျိုးသန့်များအား ပိုမိုဖြန့်ဖြူးပေး နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ငါးသားပေါက်များပိုမိုဖြန့်ဖြူးပေးနိုင်ပါက သား၊ ငါး၊ ဈေးနှုန်းကြီးမြင့်မှုများကိုလည်း သက်သာစေမည်ဖြစ်ပါကြောင်းနှင့် စားနပ်ရိက္ခာဖူလုံစေ ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းသည် အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း” မှာကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များအတွက် ငါးသားပေါက်များ စျေးနှုန်း သက်သာစွာရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသတွင်း ငါးမျိုးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် လိုအပ်ချက်များ ရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်" မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မွေးမြူရေးလုပ်ငန်းနှင့် သားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်း သားပေါက်လုပ်ငန်းမှ ယခုနှစ် ငါးဆေးထိုးသားဖောက်ခြင်းကို ဖေဖော်ဝါရီလမှစ၍ သားဖောက်ခဲ့ပြီး ယနေ့အထိထုတ်လုပ်မှုလျာထားချက် ငါးမှုံသိန်းပေါင်းနှစ်သောင်းမှ သိန်းပေါင်း တစ်သောင်းသုံးထောင်အား ထုတ်လုပ်မွေးမြူ ဖြန့်ဖြူးနိုင်ခဲ့ပြီး ဆေးထိုး သားဖောက်ခြင်းကိုလည်း စက်တင်ဘာလကုန်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် လျာထားချက်ကျော်လွန်၍ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ငါးသားပေါက်များအား ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိခြင်းကြောင့် ကုန်ဈေးနှုန်း လျော့ကျရေးကိုလည်း များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)