ဂန့်ဂေါ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ကျောင်းသား/ကျောင်းသူများအား ရည်မှန်းချက်ရှိရမည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို သိရှိနားလည်စေရန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးများနှင့် ကလေးသူငယ် အခွင့်အရေးကိုယ်တိုင် သိရှိနားလည်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်အကြောင်းနှင့် ကာကွယ်ရမည့်နည်းလမ်းကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြီး ပညာပေးလက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသိပညာပေးနံရံကပ် စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)