ကေ့ာကရိတ် ဇွန် ၁၆
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ကေ့ာကရိတ်မြို့ အထက(၂)စက်မှုစိုက်ပျိုး မွေးမြူရေးသင်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးရွှေနှင့် အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက စိတ်ကို ပြောင်းလဲစေသည့် မူးယစ်ဆေးဝါးအကြောင်းနှင့် မူးယစ်ဆေး သုံးစွဲမိပါက စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ ဆိုးကျိုးတို့အားလည်းကောင်း အသေးစား အလတ်စား ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်ထွန်းလှက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ချပြဆွေးနွေးခြင်းတို့အား လည်းကောင်း၊ အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများကို ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)