ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကန့်ဘလူ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရဟန်းရှင်လူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်​ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသူ ပြည်သူ များအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ထိုးနှံပေးရမည့် အကြိမ်အလိုက် စာရင်း မှတ်တမ်းရေးသွင်းပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးသည်။ ထို့ပြင် အဆိုပါခန်းမတွင် ကျန်းမာရေး ဆေးပေးခန်း ဖွင့်လှစ်၍ လာရောက်ပြသသူ ပြည်သူများ၏ ရောဂါဝေဒနာအလိုက် အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                     

အောင်ဝင်းငြိမ်း(ကန့်ဘလူ)