သရက်ချောင်း ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့မရဲစခန်း ခေတ္တစခန်းမှူး ဒု-ရဲအုပ် နန်းဝင်းက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကိုသိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/သူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ရှားရန်ကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနွေးဆွေးပြီး သရက်ချောင်းမြို့၊ (အ.ထ.က-သရက်ချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ကျောင်းသား/သူများအား စွန့်ပစ်အမှိုက်ဆိုင်ရာ သိကောင်းစရာများ အကြောင်း၊ ပညာကိုကြိုးစားစွာသင်ကြရန်၊ မူးယစ်ဆေးဝါးများ မသုံးစွဲကြရန်မှာကြားခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်း၊ အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)