ပခုက္ကူ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းကို ဇွန်လ ၅ ရက်ကစတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ်အနက် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ECCD နည်းလမ်းများကို လက်တွေ့ဆောင်ရွက်နေသော ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၏ ကလေးသူငယ်ပြုစုပျိုးထောင်မှုနည်းလမ်းများ နည်းစနစ်မှန်ကန်စွာ အသုံးချတတ်စေရေး၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်းများမှ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြကြောင်း၊ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်မှ ၁၉ ရက်အထိ သင်တန်းကာလအတွင်း ကလေးသူငယ်များ၏ သင်ယူမှုအခြေခံအုတ်မြစ်များ၊ ကလေးသဘောသဘာဝနှင့် လိုအပ်ချက်၊ ကာယ၊ ဉာဏဖွံ့ဖြိုးမှုစစ်ဆေးနည်း၊ ကလေးပုံပြင်၊ ကဗျာနှင့် ပန်းချီသင်ကြားနည်း၊ မူကြိုဆရာမများ၏ အခန်းကဏ္ဍ၊ သင်ထောက်ကူပစ္စည်းများ ဖန်တီးပြုလုပ်နည်း၊ ECCD ဥပဒေနှင့် ပေါ်လစီ၊ မိဘအသိပညာနည်း၊ ရှေးဦးသူနာပြုစုနည်းများနှင့် ဆရာ၊ မိဘနှင့် ကလေးများအကြား ကောင်းမွန်သော ပြုမူဆက်ဆံရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မသန်စွမ်းသူများ သင်ကြားနည်း၊ စားသုံးသူအကာအကွယ်ပေးရေး၊ အထွေထွေကျန်းမာရေး စသည့် ဘာသာများကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဘာမီဘာ(ပခုက္ကူ)