မုံရွာ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့မှ ဦးဆောင်ပြီး ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မတ်လ ၂၈ ရက် နေ့မှ မတ်လ ၂၉ ရက်နေ့အထိ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါ ကျောင်း သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုံရွာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက”မူးယစ်ဆေးဝါး အန္တရာယ်ဟာ ပြည်သူ့ကျန်းမာရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ အဓိက ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်သည့်အပြင် လူသားအားလုံးကို အန္တရာယ်ပြု ခြိမ်းခြောက်လျှက် ရှိတဲ့အတွက် မူးယစ်ဗဟိုမှ ဖွဲ့စည်းပေးထားတဲ့ အဆင့်ဆင့်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ တာဆီးနှိမ်နှင်းရေးအဖွဲ့ဝင်များအနေနဲ့ မိတ်ဖက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအားကို ရယူကာ မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေးကို ဒီထက်ပိုပြီး အောင်မြင်အောင် တက်ကြွစွာနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြပါလို့” တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ များက တက်ရောက်လာကြသူများအား ဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)