ထားဝယ် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ်(၂၉)ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အလွန်အရေးပါသော သူနာပြုဆရာ/ဆရာမများအဖြစ် မွေးထုတ်မည့် သူနာပြုဆရာ/ဆရာမ လောင်းလျာများအတွက် အရေးကြီးလှသည့် ဂုဏ်ယူဖွယ် အခမ်းအနားတစ်ခုလည်းဖြစ်ကြောင်း၊ Coating and Capping Ceremory ဆိုသည်မှာ(၃) နှစ်တာ သင်တန်းကာလ၏ သင်တန်းအကြိုကာလ Year I, Semester သင်ယူစစ်ဆေးခဲ့ပြီး အောင်မြင်သည့် သူနာပြုသင်တန်းသား/သင်တန်းသူများအတွက် သတ်မှတ်ထားသော အဆောင်အယောင်ဖြစ်သော Duty Coat နှင့် ဦးဆောင်းကိုအပ်နှင်းချီးမြှင့်သည့် မင်္ဂလာရှိလှသည့် အခမ်းအနားဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် သူနာပြု၊ သားဖွားများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးရာတွင် ပြည်သူလူထု အားအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လေ့ကျင့်မွေးထုတ်လျက်ရှိကြောင်း၊ ကျန်းမာရေး ဌာနအောက်တွင် သူနာပြုတက္ကသိုလ်(၂)ခုကို ထူထောင်ခဲ့ပြီး သူနာပြုသိပ္ပံဘွဲ့ (B.N.Sc) အပြင် သူနာပြုမဟာသိပ္ပံဘွဲ့ (M.N.Sc)၊ သူနာပြုပါရဂူဘွဲ့ (Ph.d) ကိုပါ အပ်နှင်းနိုင်ပြီးဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းကျောင်းကိုလည်း (၅၀)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်အကူအညီယူပြီး အဆင့်မြင့်သူနာပြုအတတ်ပညာများကို ထပ်လောင်းသင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်က အရည်အသွေးပြည့်မှီ သောကျန်းမာရေး စောင့်ရှောက်မှုနှင့် အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအားထားရသည့် အရည်အချင်းရှိသော ဘက်စုံတော်သည့် သူနာပြုကောင်းများ လေ့ကျင့်မွေးထုတ်ပေးရမှာဖြစ်ကြောင်း၊ မိမိတို့၏အသက်မွေးဝမ်းကြောင်း အတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကိုမွန်မြတ်သော လုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေးထား ကြိုးစားဆောင်ရွက်ကြပါရန်နှင့် ဖလော့ရင့်နိုက်တင်ဂေးကဲ့သို့ သူနာပြုများ များစွာပေါ်ထွန်းလာပါစေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကုသရေးဦးစီးမှူး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံဥက္ကဋ္ဌ) ဒေါက်တာအောင်ငွေစံက အမှာစကား ပြောကြားပြီး ထားဝယ်သူနာပြု သင်တန်းကျောင်း၊ အပတ်စဉ်(၂၉)၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်သင်းသင်းလှိုင်က (Coating and Capping)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက အပတ်စဉ်(၂၉) သင်တန်းသား/သူ(၃၈) ဦးအား ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းသည်။
ဆက်လက်၍ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်(စီမံ)နှင့် ကျောင်းအုပ်(သင်ကြား) တို့ထံမှ လက်ဆင့်ကမ်း ဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က (ပထမ၊ ဒုတိယ၊ တတိယ) ပညာရည်ချွန် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)