မြို့သစ် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့သစ်မြို့အတွင်း၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယ(နောက်ဆုံး) အကြိမ် မြောက်ကြေညာကပ်ထားမှုအရ မြို့သစ်မြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ခြောက်အုပ်စုတွင် မဲရုံပေါင်း တစ်ဆယ့်ငါးရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၄၅၉)ဦးရှိကြောင်း သိရသည်။
မြို့သစ်မြို့၌ ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးအသီးတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီခြောက်ခုနှင့် တစ်သီးပုဂ္ဂလငါးဦးရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ခြောက်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းခြောက်ဦး၊ တမူးမြို့နယ် တိုင်းဒေသ ကြီးမဲဆန္ဒနယ်အမှတ်(၁) အတွက် ကိုယ်စားလှယ်လောင်းငါးဦး၊ ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဆယ့်တစ်ဦး၊ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလောင်းခုနှစ်ဦး၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၅)ဦး အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)