ပန်းတောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကျင်းပ

ပန်းတောင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ လူကုန်ကူးမှု၏အဓိပ္ပါယ်၊ လူကုန်ကူးခံရလျှင် ဆက်သွယ်အကူအညီတောင်းခံရမည့် အရေးပေါ်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုအန္တရာယ်မှကင်းဝေးစေရန် ပြုမူပြောဆိုနေထိုင်ရမည့်ကိစ္စရပ်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)