ရှမ်းရွာသစ် ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီအချိန်တွင် တိုက်နယ်ဆေးရုံဝင်းထဲ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူစုစုပေါင်း အင်အား (၇၀) ဦးတို့က ကျွန်းပင် (၁၀၀) ပင်နှင့် မန်ဂျန်ရှား (၁၀၀) ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာန အနေဖြင့် မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များကို ဖြန့်ဝေပေးသွားမည် ဖြစ်ရာ ပြည်သူလူထုအနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ကျွန်းပင်နှင့်မန်ဂျန်ရှားပင် (၁၀၀၀) ပင်ကို ပျိုးထောင်ထားကြောင်း၊ နှစ်စဉ်ဒေသနေပြည်သူများအား ဖြန့်ဝေခဲ့သော ပျိုးပင်များလည်း အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး