ငဖဲ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗsဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါး ၏ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက သာစည်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် သာစည်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က နယ်လှည့်အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကောက်ကျစ်တဲ့ဝံပုလွေ ပုံပြင်ကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများပြသခြင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)