ကော့သောင်းမြို့တွင် မဖြစ်မနေလမ်းထွက်သွားလာနေကြသည့် နှာခေါင်းစည်းမတပ်သူများအား အသိပညာပေးလှုပ်ရှားဆောင်ရွက်

ကော့သောင်း အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက NGO အဖွဲ့များဖြင့် မဖြစ်မနေ လမ်းထွက်သွားလာနေကြသည့် နှာခေါင်းစည်းမတပ်ဆင်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်သုံးခုအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ မဖြစ်မနေ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ဒေသန္တရအမိန့် ညွှန်ကြားချက်များထုတ်ပြန်ကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ထားပြီးဖြစ်ရာ ပြည်သူ အများစု နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း  စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူစက်ပြန့်ပွားမှုမဖြစ်ပေါ်ရေး ယခုကဲသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက NGO အဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များပူးပေါင်းကာ နှာခေါင်းစည်း မတပ်ဆင်သူ များအား ဝေငှတပ်ဆင်စေခြင်း အသိသတိပေး မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုများကို ကော့သောင်းမြို့၏ လူသူအသွားအလာ များပြားရာ နေရာများဖြစ်သည့် အောင်သုခရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ရွှေဟင်္သာ ရပ်ကွက် လမ်းဆုံနှင့် အေးရိပ်ငြိမ် ရပ်ကွက်ပုလဲလမ်းတို့တွင် NGO အဖွဲ့စုံပူးပေါင်းပါဝင်သည့် အဖွဲ့(၃)ဖွဲ့ဖြင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)