ပွင့်ဖြူ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ကျွန်းပင်စင်ကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်၏ ကြီးကြပ်မှုဖြင့် စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကျွန်းပင်စင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်လုပ်ကိုင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လအလိုက် ဖြည့်စွက်ရေးသွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာရှိ အသင်းသား ၊ အသင်းသူ ၂၀၃ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၉ ဒသမ ၂ သန်းထိ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင်ခဲ့ကာ စီမံကိန်းလုပ်ငန်းများ ဆက်လက်လည်ပတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)