ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေးနေ့အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲ နံရံကပ်စာ​စောင်ပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

ထန်းတပင်(ပဲခူး) ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့မွန်းလွဲပိုင်းက  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ‌ ဒေါ်သဇင်က မူးယစ်ဆေးဝါးသည်နေရာ ဒေသတိုင်းမှာရောက်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ လူမှုရေးဆိုင်ရာများတွင် ဆိုးကျိုးကိုသာပေးသည့်အတွက် အသိ၊ သတိ ရှိဖို့လိုအပ်‌ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသား/ ကျောင်းသူ လူငယ်များသိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရေး၊  မူးယစ်ဆေးဝါးသုံးစွဲလျင်ဖြစ်တတ်သော အန္တရာယ်နှင့်လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်နှင့်အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အဆင့်ဆင့်ကို ဟောပြော‌‌ဆွေး‌နွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလူငယ်များက မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ်လျဥ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီး‌မှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ပြည်သူ့စာကြည့် တိုက်တွင်ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)