ညောင်တုန်းမြို့တွင် ဂတ်စ်ပိုက်လိုင်းပေါက်ရာမှ မီးလောင်မှုဖြစ်ပွား

ညောင်တုန်း      အောက်တိုဘာ       ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေးမိုင်တိုင် (၃၃/၄)နှင့် (၃၃/၅) ကြားတွင် ဂတ်စ်ပိုက်လိုင်း ပေါက်ထွက်ရာမှ   ယနေ့နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က  မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အမှတ်(၂) ရေနံနှင့်သဘာဝဓာတ်ငွေ့စက်ရုံ(ညောင်တုန်း)မှ ကန်ကြီးထောင့်သို့ သွယ်တန်း ထားသော ဂတ်စ်ပိုက်လိုင်းပေါက်၍ အနီးရှိ ကုက္ကိုလ်ပင်အား မီးလောင်ရာမှ အနီးရှိ (၁၂×၁၂) ပေ ဓနိမိုး/ဓနိကာ/မြေစိုက် နွားတင်းကုပ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ (၂၀×၁၅)ပေရှိ သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း လူနေအိမ်(၁)လုံးမီးကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းသူဦးဆောင်၍ မီးသတ်တပ် အဖွဲ့ဝင်(၁၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့်အတူ မီးငြှိမ်းသတ်ယဉ် (၂)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ နံနက် ၃ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် မီးဟပ်ဒဏ်ရာရရှိသူ ကျား(၅)ဦး၊(မ)(၅)ဦးရှိပြီး စိုးရိမ်ရ၊ ကျား-၃ ဦးအား မအူပင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေပြီး မစိုးရိမ်ရ ကျား ၂-ဦး၊ မ ၅-ဦးမှာ ညောင်တုန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် နွားတင်းကုပ်(၁)လုံးနှင့် လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)