မုံရွာ ဇွန် ၁၆
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ် ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှသစ်တော သစ်ပင်များ၏ တန်းဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓါတ်များ ဖြစ်ပေါ်လာ၍ သစ်ပင် စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်လာ စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း၌ ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် ကြုံတွေ့ခဲ့သည့် သစ်တောပြုန်းတီးခြင်း၏ အဓိကအကြောင်းအရင်းများကတော့ အလွန်အကျွံ သစ်ထုတ်ခြင်း၊ အမြဲတမ်းစိုက်ပျိုးမြေအဖြစ် ပြောင်းလဲရန် သစ်တောအားရှင်းလင်း ပစ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ သစ်တောအား စားကျက်မြေအဖြစ်ပြောင်းလဲခြင်း၊ မြေလွှာဖွင့်၍ သတ္တုတူးခြင်း၊ ထင်းလောင်စာနှင့် မီးသွေးအတွက် သစ်တောများခုတ်ထွင်ခြင်း တို့ကြောင့် ဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များတွင် သစ်တောသစ်ပင်များ နည်းပါးလာခြင်းမှာလည်း အကြောင်းအရင်းတစ်ရပ်ဖြစ်သဖြင့် နေရာဒေသအသီးသီးတွင် သစ်ပင်များစိုက် ပျိုးရန်လိုအပ်ပါကြောင်း၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ် ညီညွတ်မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးကျေးဇူးများ ရရှိစေရေး သစ်ပင်များအား မဖြစ်မနေစိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ တမာပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တမာပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်း သစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။
အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျင်းပသော ၂၀၂၃-ခုနှစ်၊ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ မဟော်ဂနီ၊ ကျွန်း၊ ပိတောက်၊ တမာ၊ ခရေ၊ ဆီသပြေ၊ မယ်ဇယ်၊ တပေဘူတ၊ စိန်ပန်းကြီး၊ ဗန်ဒါ၊ မာတာကွတ်၊ ရေတမာ၊ စုစုပေါင်းပျိုးပင် ၁၀၀၀ ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မဟာဝိဇ္ဇာ သိပ္ပံ ကျောင်းတိုက်သို့ ရောက်ရှိရာ နိုင်ငံတော်သြဝါဒါစရီယ အဘိဓဇမဟာရဌဂုရု ဘဒ္ဓန္တသူရိယ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း တိုက်ကြီးရှိ ဓမ္မာရုံတွင် ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၄ ရွာမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကျန်းမာရေး၊ စားဝတ်နေရေးနှင့် လုံခြုံရေးကိစ္စရပ်များအား လိုအပ်ချက်များမရှိအောင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူ များထံ ဆန်ရိက္ခာဖိုးငွေ၊ ၂ ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မိသားစုသုံးပစ္စည်းများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီနေရပ် စွန့်ခွာ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အဆိုပါ အခမ်းအနားတွင် ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၄ ရွာမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၂၅၃ ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂ ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ စုစုပေါင်းတန်ဖိုးငွေကျပ်-၄၈၂၅၆၆၆ (လေးဆယ်ရှစ်သိန်း နှစ်သောင်းငါးထောင် ခြောက်ရာခြောက်ဆယ်ခြောက်)ကျပ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ ဖိုးငွေကျပ် - ၅၃၁၃၀၀ (ငါးသိန်းသုံးသောင်းတစ်ထောင်သုံး ရာ)ကျပ်နှင့် Family Kits ၇၇ ထုပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်