အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆောင်ရွက်

စုကလိ ဇွန် ၁၆

မူးယစ်ဆေးဝါး၏ ဆိုးကျိုးရလဒ်များ၊ လူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်များ အနာဂတ်များအား ထိခိုက်စေမည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းနှင့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ​ခြေခံပညာအထက်တန်းကျောင်း(ဆုံဆည်းမြိုင်) ကျောင်းအုပ်ကြီး  ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးများ အန္တရာယ်အကြောင်း၊ ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးအန္တရာယ်၊ နောက်ဆက်တွဲရလဒ် ဆိုးကျိုးများ အကြောင်းတို့ကို ဟောပြောရှင်းလင်းပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုက စာကြည့်တိုက် လက်ထောက် - ၃ ဒေါ်ပိုပိုအောင်က မူးယစ်ဆေးကို သုံးစွဲကြသည့် အကြောင်းတရားများ ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒများ ၊ ကျောင်းသားလူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်တို့မှ ရှောင်ရှားတတ်ကြစေရန် လိုအပ်ပါကြောင်း၊ အပေါင်းအသင်းကြောင့် ဖြစ်စေ မိမိတို့စိတ်ကဖြစ်စေ အစပြု၍ လုံးဝမသုံးစွဲကြစေရန်နှင့် မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ အကြောင်း ၊ သုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း တို့ကို ဟောပြောပေးခဲ့သည်။

ထို့နောက်  ကျောင်းကော်မတီအဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းပတ်ဝန်းကျင်တွင် ကင်းရှင်းစေရေးနှင့် ဆုံဆည်းမြိုင်(အထူးဒေသ) အတွင်း မူးယစ်ဆေး သုံးစွဲခြင်း၊ ရောင်းချခြင်းတို့ ပြုလုပ်ပါက ထိုက်သင့်သည့် အရေးယူ ဆောင်ရွက်ချက်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ပြသထားသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များ ဓာတ်ပုံများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသူကျောင်းသား၊ ကျောင်းကော်မတီ ပညာရေးဝန်ထမ်းများမှ စုစုပေါင်း (၈၀) ခန့် တက်ရောက်ကြကြောင်း သိရသည်။

ပိုပိုအောင်(ပြန်/ဆက်)