ကဝ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်မိုးယံ၏ "လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၄ ရက်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူ အသင်း(Book Club)အဖွဲ့ဝင် ဒေါ်ဝေဝေက စာရေးဆရာမောင်မိုးယံ၏ "လူငယ်နှင့် အနာဂတ် ဘဝမြှင့်တင်ရေးဆောင်းပါးများ"စာအုပ်မှ "လူငယ်နှင့်အရင်းအနှီး" ခေါင်းစဥ်တွင်ပါရှိသော ဘဝအရင်းအနှီးလုပ်ရာတွင် အတွေးအခေါ်အကြံအစည်၊ လုပ်ရည်ကိုင်ရည်၊ ကြိုးစားမှု၊ ဇွဲရှိမှုက အောင်မြင်မှုတွင်အရေးကြီးကြောင်း၊ ဘဝခရီးဖြတ်သန်းခဲ့သော လှိုင်းများ၊ မုန်တိုင်းများ၊ တောတောင်များ၊ ခရီးကြမ်းများကို ခံနိုင်ရည်ရှိဖို့လိုကြောင်း၊ အရင်းအနှီးဆိုတာ မိမိမှာရှိသော ဉာဏပစ္စည်း၊ ဥစ္စာပစ္စည်း၊ ခန္ဓာပစ္စည်း၊ သွေး၊ ချွေးနဲ့ဇောတွေ အားလုံးပါဝင်ကြောင်း၊ အရင်းအနှီးကို ရယူခြင်းနဲ့ပေးဆပ်ခြင်းဆိုသည့် ဘဝပုံရိပ်တွင် တစ်ဦးနှင့်တစ်ဦး အခွင့်အရေးရရှိပုံ မတူသလို ကံစီမံရာလည်း မတူညီကြကြောင်း၊ ဘဝအရင်းအနှီးဆိုတာ မိမိကိုယ်မိမိအားကိုးပြီး ရုန်းကန်လှုပ်ရှား ကြိုးစားတက်သော စိတ်ဓါတ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ မိမိဘဝ အတွေ့အကြုံတွေကို ဝေမျှရင်း လောကမှာ သူလဲရင်ငါထူမယ်ဆိုတဲ့စိတ်၊ သူ့ကိုငါကူညီမယ်ဆိုတဲ့ ပရဟိတစိတ်လည်းလိုကြောင်း၊ ဒါဟာဘဝအရင်းအနှီးမှာ အရေးကြီးတယ်၊ အရင်းအနှီးများစွာတွေနဲ့ ပိုက်ဆံတွေ၊ အိမ်တွေ၊ လူတွေရှိနေပြီး၊ လူမှုအကျိုး၊ ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးကို မပြုနိုင်ရင် အတ္တသားကောင်ဖြစ်ကြောင်း၊ ဘဝကိုအတွေ့ အကြုံရှာပြီး အရင်းအနှီးတွေနဲ့ ပညာတက်အောင်လုပ်ပြီး လူမှုပတ်ဝန်းကျင်ကို အကျိုးရှိအောင် ကြိုးစားစေချင်ကြောင်း၊ လူငယ်အားလုံးဘဝအရင်းအနှီးကို အကျိုးရှိစွာ အသုံးချနိုင်စေချင်ပါသည်ဟု ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)