ထားဝယ် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်စီမံမှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများဖြစ်သည့် အရန်သားဖွားဆရာမများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုနှင့် လေ့ကျင့်မွေးထုတ်ပေးရသည့် အဓိကရည်ရွယ်ချက်အနေဖြင့် ကျေးလက်ဒေသများတွင်မိခင်၊ ကလေးကျန်းမာရေးအပါအဝင် ဒေသ၏ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေဒေသများရှိ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ဖြစ်ကြောင်း၊ အရန်သားဖွားဆရာမများအနေဖြင့် မိမိတို့သိရှိထားသော ကျန်းမာရေးအသိပညာ၊ တတ်မြောက်ထားသည့် လက်တွေ့တတ်ကျွမ်းမှုများဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခြင်းသည် အရန်သားဖွားဆရာမများ၏ အဓိကလုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ မိမိတို့၏ရပ်ရွာဒေသကို မိမိတတ်ကျွမ်းသော ကျန်းမာရေးအတတ်ပညာဖြင့် စောင့်ရှောက်ပေးခြင်းသည် မိမိအတွက်အသက်မွေးဝမ်းကြောင်းဖြစ်သလို ဒေသအတွက် အားကိုးအားထားလည်းဖြစ်စေသောကြောင့် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသော ဆောင်ရွက်မှုပင်ဖြစ်ကြောင်း၊ အရန်သားဖွား ဆရာမများအနေဖြင့် မိမိတို့၏ရပ်ရွာဒေသကို ပြန်လည်ရောက်ရှိကြသည့် အခါဒေသတာဝန်ကျ ကျန်းမာရေးဝန်ထမ်းများထံ ဆက်သွယ်သတင်းပို့ကြရန် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများဖြစ်သည်နှင့်အညီ မိမိတို့ဒေသများ ရှိကိုယ်ဝန်ဆောင်မိခင်၊ မွေးဖွားမိခင်၊ မီးတွင်းမိခင်များနှင့် ငါးနှစ်အောက် ကလေးငယ်များအပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဒေသခံများအပေါ်ကျန်းမာရေးစောင့်ရှောက်မှုများကို စွမ်းဆောင်ရည်ပြည့်ဝစွာ၊ စေတနာပြည့်ဝစွာ ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက သင်တန်းကာလမှာ ( ၆ ) လဖြစ်ပြီး သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ထူးချွန်ဆုရ အရန်သားဖွား သင်တန်းသူများအားဆုချီးမြှင့်ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အရန်သားဖွား Kit ပုံးများပေးအပ်သည်။
ဆက်လက်၍ တာဝန်ရှိသူများက အရန်သားဖွားသင်တန်းသူ(၃၈)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)