ဘားအံ ဇွန် ၁၆
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေသော တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေးနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကိုကာကွယ် မြှင့်တင်နိုင်ရေးအတွက် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်တည်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး သက်ဆိုင်ရာနယ်မြေအတွင်း ပို့ကုန်/သွင်းကုန်များ တရားမဝင်ဖြတ်သန်းစီးဆင်းမှုမရှိစေရေး ဖွဲ့စည်းထားသည့်အထူးအဖွဲ့များမှ အချင်းချင်းချိတ်ဆတ်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်ဆေးရေး ဝန်ထမ်းများအနေဖြင့် အများပြည်သူနှင့်ထိတွေ့ဆက်ဆံရာတွင် ယဉ်ကျေးပြေပြစ်စွာ ပြောဆိုဆက်ဆံကြဖို့လိုပြီး ငွေကြေးတောင်းခံမှုများ မပြုလုပ်ရန်လိုကြောင်း၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် လုံခြုံရေးကိုဦးစားပေး ဆောင်ရွက်ကြစေလိုပြီး တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေး အထူးအဖွဲ့များမှ တိတိကျကျ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌဗိုလ်မှူးကြီး မျိုးမင်းနောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေး ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်များကို ခရိုင်အထူးအဖွဲ့များအား ရှင်းလင်းပြောကြားကာ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုနှစ်အတွင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၂ သန်းခန့်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရမှုနှင့် အခွန်ငွေကျပ် ၁၂၂၁၇ ဒဿမ ၉၆ သန်း ကောက်ခံရရှိမှု၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ပြည်နယ်အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ အကောက်ခွန်မဲ့တရားမဝင်ကုန် ပစ္စည်းများဖမ်းဆီးရမိမှုအခြေအနေ၊ တရားမဝင်ကုန်သွယ်မှုမရှိစေရေး ကွင်းဆင်းစိစစ်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
ထိုသို့တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)