မြိတ်မြို့ ပြည့်သူ့‌ဆေးရုံတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မြိတ် ဇွန် ၁၅

(၂၀၂၃)ခုနှစ် ဇွန်(၁၄)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူ ဒါန်းပွဲကို မြိတ်မြို့ ပြည်သူဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ သွေးလှူဘဏ်သို့ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့ဝင်များနှင့် တက္ကသိုလ်ကြက်ခြေနီအသင်းဝင် တက္ကသိုလ်ကျောင်းသား/သူများ စုစုပေါင်း(၈၇)ဦးက ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် ပြည်သူ့ဆေးရုံ သွေးလှူဘဏ်သို့ စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းနေမှုအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်း၊ ဒုတိယ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/မများ၊ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးတင်မောင်ဆွေနှင့် သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာလမင်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား အာဟာရမုန့်၊ အချိုရည်နှင့် ကြက်ဥများ ပေးအပ်ခဲ့ကြကာ သွေးလှူဘဏ်မှ သွေးအားတိုးဆေး ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)