ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြိတ်မြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများအား နေ့လယ်စာလှူဒါန်း၍ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့

မြိတ်    ဇွန်    ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်မြို့ရှိ သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ပညာသင်ကြားနေကြသော ကျောင်းသား/သူ(၂၃၀)ဦးအား ယနေ့နံနက်ပိုင်း နေ့လယ်စာ လှူဒါန်း၍ ဝန်ထမ်းသား/သမီး(၃၇)ဦးအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောင်းသား/သူများအား နေ့လယ်စာ လှူဒါန်းရာတွင် သံသရာအေးဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ကျောင်းအုပ် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတထံမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦး၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကျောင်းအုပ် ဆရာတော်ထံ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။

ထိုနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကျောင်းအိပ် ကျောင်းစား ပညာသင်ကြားနေကြသော ကျောင်းသား/သူ(၂၃၀)ဦးကို မြိတ်ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများက နေ့လယ်စာလှူဒါန်းခဲ့ကြသည်။ ထို့အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဝန်ထမ်းသား/သမီး(၃၇)ဦးအား ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်ရာ မြိတ်ခရိုင်ဦးစီးမှူးက အမှာစကားပြောကြားပြီး မြိတ်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း(၅၂၈,၀၀၀)ကျပ် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)